ပျက်စီးနေတဲ့ကလေး

ပျက်စီးနေတဲ့ကလေးဟာ ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်းရဲ့ ထုတ်ကုန်တခု ဖြစ်ပါတယ်။
ဒီလိုလူ့အဖွဲ့ အစည်းအတွင်းမှာ ပျက်စီးနေတဲ့ကလေးငယ်ဟာ ဘ၀ကို ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ ဆုပ်ကိုင်ထားပါတယ်။ သူ့ကို လွတ်လပ်မှုပေးရမဲ့အစား လုပ်ချင်ရာလုပ်ခွင့်ပေးထားတယ်။ ကလေးဟာ လွတ်လပ်မှုအစစ်အမှန်ရဲ့ အနက်အဓိပ္ပာယ်ကို မသိရှာဘူး။ လွတ်လပ်မှုဆိုတာ ဘ၀ကို ချစ်မြတ်နိုးမှု ဖြစ်တယ်ဆိုတာ သူမသိရှာဘူး။
ပျက်စီးနေတဲ့ကလေးဟာ သူ့ကိုယ်သူရော သူနေထိုင်တဲ့လူ့အဖွဲ့အစည်းကိုပါ အမျိုးမျိုး အနှောင့်အယှက် ပေးပါတယ်။ ရထားပေါ်မှာ ခရီးသွားတွေရဲ့ ခြေထောက်ပေါ် တက်နင်းပြေးလွှားနေတတ်တယ်။ စင်္ကြံလမ်းပေါ်မှာ အသံကုန်အော်ဟစ်နေတတ်တယ်။ ငြိမ်ငြိမ်လေးနေစမ်းပါ သားရယ်လို့ ချော့မော့တောင်းပန်နေတဲ့ မိဘကိုလည်း သူ လုံးလုံးဂရုမစိုက်ဘူး။ တကယ်တော့ တောင်းပန်မှုကို သူ့ နားက မကြားတတ်တာ ကြာပါပြီ။
အလိုလိုက်ခံရလို့ ပျက်စီးနေတဲ့ ဒီကလေးမျိုးဟာ အရွယ်ရောက်လာတဲ့အခါမှာ စည်းကမ်း တင်းတင်းကြပ်ကြပ်နဲ့ ကြီးလာရတဲ့ ကလေးထက် ပိုဆိုးတဲ့သူ ဖြစ်လာတတ်တယ်။
သူဟာ အလွန်ကြောက်စရာကောင်းလောက်အောင် အတ္တစွဲကြီးလွန်းသူ ဖြစ်တယ်။ လူကြီးတယောက် ဖြစ်လာတော့လည်း အိပ်ခန်းထဲမှာ အ၀တ်တွေကို ပြန့်ကျဲရှုပ်ပွနေအောင် ပစ်ချတတ်သူမျိုးပဲ ဖြစ်လာတယ်။ သူပစ်ချထားတဲ့ အ၀တ်အစားတွေကို တယောက်ယောက်က ကောက်ယူ သိမ်းဆည်းပေးလိမ့် မယ်လို့ သူမျှော်လင့်နေတယ်။ ပျက်စီးနေတဲ့ကလေးဟာ ကြီးလာတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ ဆန့်ကျင် ငြင်းဆန်မှုတွေကိုပဲ စုဆောင်းနေမိပါတော့တယ်။
အလိုလိုက်လို့ ပျက်စီးနေတဲ့ကလေးဟာ တဦးတည်းသောသား၊ ဒါမှမဟုတ် တဦးတည်းသောသမီး ဖြစ်နေတတ်ပါတယ်။ သူနဲ့အတူတူ ဆော့ကစားမဲ့ ရွယ်တူကလေး၊ ဒါမှမဟုတ် ကိုယ်နဲ့နှိုင်းယှဉ် ရမယ့် ရွယ်တူကလေး မရှိတဲ့အတွက် သူ့ကိုယ်သူ မိဘနဲ့အဆင့်တူလို့ပဲ ထင်မှတ်နေပါတယ်။
မိဘတွေလုပ်သမျှကို သူလုပ်ချင်နေတယ်။ မိဘတွေကလည်း သူတို့ ရဲ့တဦးတည်းသော ရင်သွေး ငယ် ကလေးကို ကမ္ဘာ့ အံ့ဖွယ် လူသားလေးလို့ ထင်မြင်နေလေတော့ လူကြီးတွေရဲ့အလုပ်ကို ကလေးက မဟုတ်မဟတ် အတုလိုက်နေတဲ့အပေါ် အားပေးအားမြှောက်တောင် လုပ်ကြပါတယ်။ ကလေး လုပ်ချင်တာဆိုရင် နည်းနည်းပါးပါးတောင် မဟန့်တားကြဘူး။ ဟန့်တားလိုက်ရင် ကလေးက ပြန်မချစ်တော့ဘဲ နေမှာ ကြောက်နေကြတာကိုး။
တပည့်တွေအပေါ် အလိုလိုက်တဲ့ ဆရာတွေဆီမှာလည်း ဒီလိုစိတ်နေစိတ်ထားမျိုး ရှိနေတတ်ပါတယ်။ ဒီလိုဆရာမျိုးတွေဟာ တပည့်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို ဆုံးရှုံးမှာ အမြဲကြောက်လန့် နေ ကြတယ်။ ဒီကြောက်ရွံ့မှုဟာ ပျက်စီးခြင်းသို့သွားရာ မဟာလမ်းမကြီးပါပဲ။
ဆရာကောင်း တယောက်၊ ဒါမှမဟုတ် မိဘကောင်းတယောက်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဓမ္မဓိဋ္ဌာန် ကျသူ ဖြစ်အောင် မွေးမြူနေရပါမယ်။ ကလေးတွေနဲ့ဆက်ဆံရာမှာ မူမမှန်တဲ့ စိတ်နေ စိတ်ထားမျိုး ကင်းနေအောင် ကြိုးစားရပါမယ်။
ဒီလိုလုပ်ဖို့ မလွယ်ပါဘူး။ ကိုယ့်မှာရှိတဲ့ မူမမှန်တဲ့စိတ်နေစိတ်ထားကို ပြန်မမြင်တတ်ကြဘူး မဟုတ် လား။ ပုံစံပြရရင် ပျော်ရွှင်မှုကင်းမဲ့နေတဲ့ မိခင်တယောက်ဟာ ပျက်စီးတဲ့ ကလေးမျိုးကိုပဲ ရရှိဖို့  များပါတယ်။ သူ့ကလေးကို မှားယွင်းတဲ့အချစ်မျိုးနဲ့ ချစ်ဖို့ပဲများတာကိုး။
အလိုလိုက်ခံရလို့ ပျက်စီးနေတဲ့ ကလေးဟာ ကျွန်တော်တို့ နွေတောင်ကုန်းကျောင်းမှာလည်း အလွန် ကိုင်တွယ်ရခက်ခဲသူ ဖြစ်နေပါတယ်။ ကျွန်တော့်မိန်းမကိုလည်း ကောင်းကောင်းဒုက္ခပေးတတ်တယ်။ ကျွန်တော့်မိန်းမ ကို သူ့အမေနေရာမှာ အစားထိုးတာကိုး။ မေးခွန်းတွေ အမျိုးမျိုးထုတ်တတ်တယ်။ ”ဘယ်တော့ကျောင်းပိတ်မှာလဲ” “အခုဘယ်အချိန်ရှိပြီလဲ” “ပိုက်ဆံ နည်းနည်းပေးစမ်းပါ” … စသဖြင့်ပေါ့။
ဒီမေးခွန်းတွေရဲ့ အောက်မှာရှိနေတာကတော့ သူဟာ သူ့အမေ ကို မုန်းတီးနေတယ် ဆိုတဲ့ အချက်ပါပဲ။ မေးခွန်းတွေ ထုတ်ရခြင်းရဲ့ရည်ရွယ်ချက်က အမေဖြစ်သူကို စိတ်အနှောင့်အယှက် ပေးချင်လို့ ဖြစ်ပါတယ်။
အလိုလိုက်ခံရလို့ ပျက်စီးနေတဲ့ မိန်းကလေးတယောက်က ကျွန်တော့်ကို သူ့အပေါ် တခုခုတုံ့ပြန်လာအောင် အမြဲကြိုးစားပါတယ်။ ကျွန်တော့်ကိုလည်း သူ့အဖေရဲ့နေရာမှာ အစားထိုးတာကိုး။
ထုံးစံအတိုင်း ကျွန်တော့်ဆီက အချစ် တုံ့ပြန်မှုကို ရအောင်မလုပ်ဘဲ အမုန်းတုံ့ပြန်မှု ကိုပဲရအောင် လုပ်နေတတ်တယ်။ ကျောင်းကို စရောက်တာနဲ့ ကျွန်တော့်ဖောင်တိန်ကို ယူပြီးဝှက်ထား မယ်၊ ဒါမှမဟုတ်ရင်လည်း တခြားကျောင်းသူတစ်ယောက်ကို “ဆရာကြီး က နင့်ကိုလိုချင်နေတယ်” လို့ ပြောချင် ပြောမယ်။ တကယ်က သူ့ကို ကျွန်တော် အလိုရှိတာမျိုး ဖြစ်စေချင်တာပါ။
ပျက်စီးနေတဲ့ ယောက်ျားကလေးတွေ၊ မိန်းကလေးတွေဟာ ကျွန်တော့်ရုံးခန်းရဲ့ တံခါးကို ခြေထောက်နဲ့ ကန်တတ်တယ်။ ကျွန်တော့်ပစ္စည်း တွေကို ခိုးယူတတ်ကြတယ်။ ကျွန်တော့်ဆီက တစုံတခု တုံ့ပြန်မှု ထွက်ပေါ်လာတာကို လိုချင်လို့ လုပ်ကြတာပါ။
သူတို့ဟာ မိသားစုဝင်တွေ အများကြီးရှိတဲ့ ကျွန် တော်တို့ နွေတောင်ကုန်းကျောင်း အ၀န်းအ၀ိုင်းထဲ ရုတ်တရက်သွတ်သွင်း ခံရတာကို မကျေမနပ်ဖြစ်နေပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ကျောင်းက ဆရာ၊ ဆရာမတွေဆီက သူလုပ်သမျှလက်ခံတာမျိုး၊ အလျှော့ပေးတာမျိုး သူမျှော်လင့်နေပါတယ်။ သူ့မိဘဆီက ရရှိခဲ့တဲ့ အလျှော့ပေးမှုမျိုးပေါ့။
ပျက်စီးနေတဲ့ကလေးတွေဟာ မုန့်ဖိုးပိုက်ဆံ အများကြီးရတတ်ကြတယ်။ ကလေးသုံးဖို့ဆိုပြီး မိဘ တွေက ငွေတထောင်တန် ပို့ပေးတဲ့ အခါမျိုးမှာ ကျွန်တော်ဖြင့် တော်တော်အခံရခက်မိတယ်။ ကျွန်တော်ကတော့ သူတို့မိဘတွေ ငွေရေးကြေးရေးအတွက် မပူပင်ရအောင် ကျောင်းစရိတ်ကို နည်းနည်းပဲ တောင်းတယ်။ တချို့ဆိုရင် လုံးလုံးမတောင်းခဲ့ပါဘူး။
ကလေးတယောက်ကို သူတောင်းတိုင်း မပေးသင့်ပါဘူး။ ယေဘုယျခြုံပြောရမယ်ဆိုရင် ဒီကနေ့ခေတ် ကလေးတွေဟာ လိုတာထက် အများကြီး ပိုရနေကြတယ်။ ဒီလိုရနေတော့ လက်ဆောင်တခုရလည်း ပျော်ရွှင်ကြည်နူးမှု မဖြစ်တတ်တော့ဘူး။
ကလေးတယောက်ကို လက်ဆောင်တွေ အလွန်အကျွံ ပေးတဲ့မိဘများဟာ သူတို့ကလေးကို ပြည့်ပြည့်၀၀ မချစ်တတ်သူများ ဖြစ်ပါတယ်။ ကိုယ့်မိန်းမအပေါ် သစ္စာမရှိတဲ့ ယောက်ျားတယောက်ဟာ ကိုယ့် မိန်းမကျေနပ်ဖို့ ရက်ရက်ရောရောဝယ်ပြီး လက်ဆောင်ပေးသလိုမျိုး မိဘတချို့ဟာလည်း ကိုယ့်သား သမီးကို မိဘဆန်ဆန်မချစ်တတ်တဲ့အခါ အဖိုးတန်လက်ဆောင်တွေ စုပုံပေးနေကြပါတယ်။
ကျွန်တော်ကတော့ လန်ဒန်ကို သွားတဲ့အခါတိုင်း သမီးအတွက် လက်ဆောင်ဝယ်ပေးတာမျိုး မလုပ်ဘူးလို့ စည်းကမ်းသတ်မှတ်ထားတယ်။ ၀ယ်တဲ့အခါ ၀ယ်တယ်၊ မ၀ယ်တဲ့အခါ မ၀ယ်ဘူး။ ဒီလိုလုပ်တော့ အကျိုးဆက်က ကျွန်တော် လန်ဒန်သွားတိုင်း လက်ဆောင်ရမယ်ဆိုတာမျိုး သမီးက မမျှော်လင့်တော့ဘူး။
အလိုလိုက်ခံရတဲ့ ကလေးဟာ ဘာကိုမှ တန်ဖိုးမထားတတ်ဘူး။ ဒီကလေးမျိုးဟာ ဂီယာပါတဲ့ စက်ဘီး အသစ်တစီးကို ရပြီးရင် သုံးပတ်လောက်အကြာမှာ မိုးရေထဲ တညလုံးပစ်ထားခဲ့တော့တာပဲ။
မိဘတွေဟာ သူတို့ဖြစ်ချင်လျက်နဲ့ မဖြစ်ခဲ့ရတဲ့ ဘ၀မျိုးကို သားသမီးများလက်ထက်မှာ ဖြစ်စေချင် တတ်ကြတယ်။ အလိုလိုက်ခံရလို့ ပျက်စီး နေတဲ့ကလေးများကတော့ များသောအားဖြင့် မိဘတွေရဲ့ အလိုကို မဖြည့် ဆည်းပေးနိုင်တတ်ဘူး။
မိဘတွေက ဒီလိုတွေးပါတယ်။ “ငါ့တုန်းကတော့ နှောင့်ယှက်တဲ့ သူတွေ များလွန်းလို့ ငါဖြစ်ချင်တဲ့ ဘ၀ကို ဖြစ်အောင်မလုပ်နိုင်ခဲ့ဘူး။ ငါဖြစ်ချင်တဲ့ဘ၀ကို ငါ့သားသမီး ဖြစ်အောင် ငါ အားပေးမယ်။”
ဒီလိုရည်ရွယ်ချက်ကြောင့်ပဲ ဂီတအကြောင်း ဘာမှမသင်ကြားဖူးတဲ့ ဖခင်တယောက်ဟာ သူ့ရဲ့ သားကို စန္ဒရားတီးသင်ဖို့ အတင်းခိုင်းပါတယ်။ အိမ်ထောင်ပြုဖို့ အလုပ်ထွက်လိုက်ရတဲ့ မိခင် တယောက် ကလည်း ကိုယ်လက်အမူအရာ အချိုးမကျတဲ့ သူ့ကလေးကို ဘဲလေးအက သင်တန်း အတင်း တက်ခိုင်းတယ်။
ဒီလိုမိဘမျိုးတွေဟာ သူတို့သားသမီး များကို သူတို့ စိတ်တောင်မကူးဖူးတဲ့ အလုပ်တွေ၊ ပညာရပ်တွေ အတင်းအကြပ်လုပ်ခိုင်းတတ်ပါတယ်။ သနားစရာကောင်းတဲ့ မိဘတယောက်ဟာ သူ့ခံစားချက်ကို သူ မထိန်းသိမ်းနိုင်ရှာဘူး။ အောင်မြင်တဲ့ အ၀တ်အထည်လုပ်ငန်းရှင်တယောက်အနေနဲ့  သားဖြစ်သူက ရုပ်ရှင်မင်းသား၊ ဒါမှမဟုတ် အဆိုတော် ဖြစ်ချင်နေတာကို သိမြင်ဖို့ အလွန်ခက်ပါတယ်။ ဒါမျိုးက မိဘတွေ ဖြစ်နေကျပါ။ မိဘဖြစ်ချင်တာက တမျိုး၊ သားသမီး ဖြစ်ချင်တာက တမျိုး။
အလိုလိုက်ခံရတဲ့ ကလေးရဲ့ မိခင်ဟာ သူ့ကလေးကို လူကြီးမဖြစ်စေချင်ဘူး။ မိခင်ဘ၀ဆိုတာ အလုပ်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဘ၀တလျှောက်လုံးလုပ်ရမယ့် အလုပ်တော့မဟုတ်ဘူး။ ဒါနဲ့တောင် အမေလုပ်သူက သမီးနဲ့ ပတ်သက်ပြီး “သမီးက သိပ်အကြီးမြန်တာပဲ”ဆိုတဲ့ မှတ်ချက်မျိုးချတာကို မကြာခဏ ကြားရတတ်ပါတယ်။
ကလေးတယောက်ကို ခွင့်ပြုရာမှာ တခြားသူတွေရဲ့ ပုဂ္ဂလိက အခွင့်အရေးများကို ထိခိုက်ပျက်စီးအောင် လုပ်တာမျိုးအထိ ခွင့်မပြုသင့်ပါဘူး။ ကိုယ့်ကလေး မပျက်စီးစေချင်ဘူးဆိုရင် မိဘများအနေနဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ချင်ရာလုပ်ခွင့်အကြား ခွဲခြားထားရပါမယ်။
မောင်သာမည
(မူရင်း- Summerhill by A.S.Neill )

Advertisements
Categories: Uncategorized | Leave a comment

Post navigation

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: